လုပ်ငန်းတိုင်းအတွက် ခိုင်မာတဲ့ ကျင့်ဝတ်စည်းကမ်းများနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မူဝါဒဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီမူဝါဒက ကုမ္ပဏီရဲ့တန်ဖိုးတွေ၊ မျှော်မှန်းချက်တွေနဲ့ လုပ်ငန်းခွင်အတွင်းရော ပြင်ပမှာပါ ဝန်ထမ်းတွေ လိုက်နာရမယ့် စံနှုန်းတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုး ကို ကာကွယ်မြှင့်တင် ပေးသလို ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို တည်ဆောက်ပေးပါတယ်။
၁။ ရည်ရွယ်ချက် (Purpose)
ကုမ္ပဏီရဲ့ တန်ဖိုးတွေနဲ့ ယဉ်ကျေးမှု ကို ဝန်ထမ်းတွေအားလုံး နားလည်အောင် လုပ်ဆောင်ဖို့။
လုပ်ငန်းခွင်မှာ မှန်ကန်ပြီး ကျင့်ဝတ်သိက္ခာရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ လမ်းညွှန်ပေးဖို့။
မျှတမှု၊ ရိုးသားမှုနဲ့ လေးစားမှု ရှိတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့။
ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာမှု ရှိစေဖို့။
ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ဖို့။
ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့။
၂။ အကျုံးဝင်မှု (Scope)
ဒီမူဝါဒက ကုမ္ပဏီရဲ့ ဝန်ထမ်းအားလုံး (အချိန်ပြည့်၊ အချိန်ပိုင်း၊ စာချုပ်ဝန်ထမ်းများ အပါအဝင်)၊ စီမံခန့်ခွဲသူများ၊ ဒါရိုက်တာများ၊ အလုပ်သင်များ၊ အကြံပေးပုဂ္ဂိုလ်များနဲ့ ကုမ္ပဏီကိုယ်စား လုပ်ကိုင်ဆောင်ရွက်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု (Honesty & Transparency)
လုပ်ငန်းရဲ့ လုပ်ဆောင်မှုအားလုံးမှာ ရိုးသားပြီး ပွင့်လင်းမြင်သာမှု ရှိရပါမယ်။
အချက်အလက်တွေကို ချဲ့ကားပြောဆိုခြင်း၊ လိမ်လည်ခြင်း၊ လျှို့ဝှက်ထားသင့်တဲ့အရာကို ဖုံးကွယ်ခြင်းတို့မှ ရှောင်ကြဉ်ရပါမယ်။ (Over promise များရှောင်ရှားရ ပါမယ်)
အထူးသဖြင့် ဖောက်သည်တွေနဲ့ ဆက်ဆံရာမှာ၊ ငွေကြေးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိရပါမယ်။
ကိုယ်ကျိုးစီးပွားအတွက် ကုမ္ပဏီကို ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှောင်ရှားရပါမယ်။
လေးစားမှုနှင့် တန်းတူညီမျှမှု (Respect & Equality)
လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ၊ လက်အောက်ငယ်သားတွေနဲ့ ဖောက်သည်တွေအပေါ် လေးစားမှုရှိရပါမယ်။
အထက်လူကြီးများအတွက် လက်အောက်ငယ်သားများက တာဝန်များ ကျေပွန်စွာလုပ်ကိုင်ပြီးချိန်တွင် "ကျေးဇူးပါ", "တော်တယ်" စကားလုံးများကို အမြဲပြောဆိုပေးပြီး ချီးကျူးအသိအမှတ်ပြု ပေးရပါမယ်။
လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံသား စတာတွေအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချပြောဆိုခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း (Bullying) လုံးဝမပြုရ။
လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual Harassment) အပါအဝင် မသင့်လျော်တဲ့ အပြုအမူတွေ၊ ပြောဆိုမှုတွေကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။
တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လေးစားရပါမယ်။
လျှို့ဝှက်ထိန်းသိမ်းမှု (Confidentiality)
ကုမ္ပဏီရဲ့ လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်တွေ၊ (ဥပမာ- စီးပွားရေးအစီအစဉ်များ၊ ဖောက်သည်စာရင်းများ၊ ငွေကြေးဆိုင်ရာ အချက်အလက်များ)၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းရပါမယ်။
ခွင့်ပြုချက်မရှိဘဲ ဒီအချက်အလက်တွေကို ပြင်ပလူတွေဆီ ဒါမှမဟုတ် လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့သူတွေကို ထုတ်ဖော်ပြောဆိုခြင်း မပြုရပါဘူး။
တရားမျှတမှု (Fairness)
ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ၊ အခွင့်အလမ်းတွေ ပေးအပ်တဲ့အခါ၊ ဒါမှမဟုတ် စည်းကမ်းပိုင်းဆိုင်ရာ လုပ်ဆောင်တဲ့အခါ ဘက်လိုက်မှုမရှိဘဲ တရားမျှတမှုရှိအောင် လုပ်ဆောင်ရပါမယ်။
ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူအခွင့်အရေး ပေးရပါမယ်။
အကျိုးစီးပွားပဋိပက္ခ ရှောင်ရှားခြင်း (Avoiding Conflict of Interest)
မိမိရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား (ဥပမာ- ရင်းနှီးမြှုပ်နှံမှု၊ ဆွေမျိုးသားချင်းများ) ဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေမျိုးကို ရှောင်ရှားရပါမယ်။
ကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ ပြင်ပအဖွဲ့အစည်းတွေ (ဥပမာ- ပေးသွင်းသူများ၊ ဖောက်သည်များ) ဆီကနေ မသင့်လျော်တဲ့ လက်ဆောင်တွေ၊ ဖျော်ဖြေဧည့်ခံမှုတွေ ဒါမှမဟုတ် ငွေကြေးတွေ လက်ခံခြင်းကို ရှောင်ကြဉ်ရပါမယ်။
ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာခြင်း (Compliance with Laws & Regulations)
လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စည်းမျဉ်းတွေနဲ့ ကုမ္ပဏီရဲ့ မူဝါဒအားလုံး ကိုတိကျစွာ လိုက်နာရပါမယ်။
နိုင်ငံတော်ရဲ့ အလုပ်သမားဥပဒေများ၊ အခွန်ဥပဒေများ၊ စီးပွားရေးဆိုင်ရာ ဥပဒေများနဲ့ အခြားသက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအားလုံးကိုလည်း တိကျစွာ လိုက်နာရပါမယ်။
အဂတိလိုက်စားမှု (Bribery)၊ ငွေကြေးခဝါချမှု (Money Laundering)၊ လိမ်လည်မှု (Fraud) စတဲ့ လုပ်ရပ်တွေကို လုံးဝရှောင်ကြဉ်ရပါမယ်။
ကုမ္ပဏီပိုင်ပစ္စည်းများ အသုံးပြုခြင်း (Use of Company Assets)
ကုမ္ပဏီပိုင် ပစ္စည်းများ (ဥပမာ- ကွန်ပျူတာ၊ ဖုန်း၊ ယာဉ်၊ ရုံးသုံးပစ္စည်းများ) ကို လုပ်ငန်းကိစ္စအတွက်သာ တာဝန်သိစွာနဲ့ ထိရောက်စွာ အသုံးပြုရပါမယ်။
ပစ္စည်းများကို ပျက်စီးအောင် ပြုလုပ်ခြင်း၊ ခိုးယူခြင်း ဒါမှမဟုတ် ကိုယ်ပိုင်ကိစ္စရပ်များအတွက် အလွဲသုံးစားပြုခြင်းတို့ကို တားမြစ်ပါတယ်။
၄။ မူဝါဒ ချိုးဖောက်မှုများ (Violations of Policy)
ဒီမူဝါဒပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်မှုတိုင်းကို အလေးအနက်ထား စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။
ဖောက်ဖျက်မှုရဲ့ ပြင်းထန်မှုနဲ့ အကြိမ်ရေပေါ်မူတည်ပြီး စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတွေ (ဥပမာ- နှုတ်ဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ လုပ်ခဖြတ်တောက်ခြင်း၊ ရာထူးလျှော့ချခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း) ကို ပြုလုပ်သွားမှာပါ။
ဥပဒေချိုးဖောက်မှုတွေ ပါဝင်နေမယ်ဆိုရင် ဥပဒေအရပါ အရေးယူဆောင်ရွက်နိုင်ပါတယ်။
၅။ တိုင်ကြားခြင်းနှင့် ကာကွယ်ခြင်း (Reporting & Protection)
ဝန်ထမ်းတွေဟာ ဒီမူဝါဒကို ချိုးဖောက်နေတဲ့ ဒါမှမဟုတ် ချိုးဖောက်တယ်လို့ သံသယရှိတဲ့ လုပ်ရပ်တွေကို သက်ဆိုင်ရာ ဌာနမှူး၊ လူ့စွမ်းအားအရင်းအမြစ် (HR) ဒါမှမဟုတ် လျှို့ဝှက်တိုင်ကြားသူ ကာကွယ်ရေး မူဝါဒ (Whistleblower Policy) မှာ ဖော်ပြထားတဲ့ လမ်းကြောင်းတွေအတိုင်း တိုင်ကြားနိုင်ပါတယ်။
ရိုးသားတဲ့ စေတနာနဲ့ တိုင်ကြားမှုတွေ ပြုလုပ်တဲ့ ဝန်ထမ်းတွေကို လက်တုံ့ပြန်မှုတွေကနေ ကုမ္ပဏီက အပြည့်အဝ ကာကွယ်ပေးမှာပါ။ (Whistleblower Policy အသေးစိတ်ကို ကိုးကားပါ)။
၆။ မူဝါဒ ပြန်လည်သုံးသပ်ခြင်း (Policy Review)
ဒီမူဝါဒကို ကုမ္ပဏီရဲ့ လုပ်ငန်းလိုအပ်ချက်တွေ၊ ဥပဒေပြောင်းလဲမှုတွေနဲ့ အကောင်းဆုံး လုပ်ဆောင်မှုတွေအပေါ် မူတည်ပြီး ပုံမှန် (ဥပမာ- နှစ်စဉ်) ပြန်လည်သုံးသပ်ပြီး လိုအပ်ရင် မွမ်းမံသွားမှာ ဖြစ်ပါတယ်။
၇။ တာဝန်ခံမှု (Accountability)
မိမိရဲ့ လုပ်ဆောင်ချက်တွေအပေါ် တာဝန်ယူရပါမယ်။
မှားယွင်းမှုတွေ၊ လိုအပ်ချက်တွေရှိလာရင် ဝန်ခံပြီး ပြင်ဆင်ဖို့ တာဝန်ခံမှုရှိရပါမယ်။
ပေးအပ်ထားတဲ့ တာဝန်တွေကို အချိန်မှန်၊ အရည်အသွေးပြည့်မီစွာ ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်။
လက်အောက်ငယ်သားများ လိုအပ်ချက်များရှိရင် အထက်လူကြီးများမှ ထောက်ပြပြောဆို ဆုံးမပေးရန် တာဝန်ရှိသည်။
ပြောဆိုဆုံးမခြင်းသည် အခြားသူများရှိလျှင် လက်အောက်ငယ်သား အရှက်တကွဲ မဖြစ်အောင် ဆဲဆူခြင်း မပြုရပါ။
၈။ တာဝန်ယူမှုများ (Responsibilities)
ဝန်ထမ်းများ: ဒီမူဝါဒကို နားလည်ပြီး လိုက်နာဖို့၊ ကျင့်ဝတ်စည်းကမ်းနဲ့ မညီညွတ်တဲ့ အခြေအနေတွေကို တွေ့ရှိရင် တိုင်ကြားဖို့ တာဝန်ရှိပါတယ်။
မန်နေဂျာများ: ဒီမူဝါဒကို မိမိဌာနအတွင်း အကောင်အထည်ဖော်ဖို့၊ စံနမူနာပြဖို့နဲ့ ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဌာန (HR Department): ဒီမူဝါဒကို ရေးဆွဲဖို့၊ စီမံခန့်ခွဲဖို့နဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ တာဝန်ရှိပါတယ်။
ရှင်းလင်းသော မူဝါဒများ ချမှတ်ခြင်း: ကျင့်ဝတ်စည်းကမ်းဆိုင်ရာ မူဝါဒ (Code of Conduct / Ethics Policy) ကို ရေးဆွဲပြီး ဝန်ထမ်းအားလုံးကို အသိပေးခြင်း။
ပုံမှန်သင်တန်းပေးခြင်း: ဝန်ထမ်းတွေအားလုံး ကျင့်ဝတ်စည်းကမ်းတွေကို နားလည်ပြီး လိုက်နာနိုင်ဖို့ ပုံမှန်သင်တန်းတွေ ပေးအပ်ခြင်း။
စံနမူနာပြခြင်း: လုပ်ငန်းရှင်တွေနဲ့ အကြီးအကဲတွေက ကိုယ်တိုင် ကျင့်ဝတ်သိက္ခာကို စံနမူနာပြ လိုက်နာခြင်း။
တိုင်ကြားနိုင်သော စနစ် ထူထောင်ခြင်း: ကျင့်ဝတ်ဖောက်ဖျက်မှုတွေကို လုံခြုံစွာ တိုင်ကြားနိုင်မယ့် စနစ် (Whistleblower Policy) ကို ဖန်တီးပေးခြင်း။
တသမတ်တည်း အရေးယူခြင်း: ကျင့်ဝတ်ဖောက်ဖျက်မှုတွေအတွက် မျှတပြီး တသမတ်တည်းဖြစ်တဲ့ အရေးယူမှုတွေ ပြုလုပ်ခြင်း။
ဒီကျင့်ဝတ်စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မူဝါဒက ကုမ္ပဏီရဲ့ ဝိညာဉ်နဲ့တူပါတယ်။ ခိုင်မာတဲ့ လုပ်ငန်းခွင် ကျင့်ဝတ်ရှိခြင်းအားဖြင့် လုပ်ငန်းရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု၊ အောင်မြင်မှုနဲ့ လူအများရဲ့ လေးစားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။